ပြည်လမ်း၌တည်ဆောက်နေသော မြေအောက်ဥမင်ကို လာမည့်နှစ်ဖေဖော်ဝါရီတွင် အသုံးပြုမည်

on
Categories: Blogs

ရန်ကုန်မြို့၏ ပထမဆုံး မြေအောက်လမ်းကူး လူသွားဥမင်တည်ဆောက်ရေးလုပ်ငန်းမှာ ၈၀ ရာခိုင်နှုန်းကျော်ပြီးစီးနေပြီး လာမည့်နှစ်ဖေဖော်ဝါရီတွင် ဖွင့်လှစ်နိုင်မည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်စိုးက ပြောသည်။

စီမံကိန်းတည်ရှိရာ ပြည်လမ်းမပေါ်ရှိ ကမာရွတ်မြို့နယ် ပညာရေးတက္ကသိုလ်ရှေ့မှ မြေအောက်လမ်းကူးသည် ယခုအခါ Junction Square ဘက်စက်လှေကား ဆောက်လုပ်ဆဲဖြစ်၍ ကျန်အပိုင်းများမှာမူ အချောသတ်လုပ်ငန်းများ ဆောင်ရွက်နေပြီဟု ၎င်းကဆိုသည်။

‘‘ဒီအတိုင်းဆိုလျာထားတဲ့အတိုင်း လာမယ့်နှစ်ဇန်နဝါရီလအကုန်လောက် အားလုံးပြီးမယ်။ ဖေဖော်ဝါရီလောက်ကျရင် အသုံးပြုနိုင်လိမ့်မယ်’’ ဟု ဦးမောင်မောင်စိုးက ရှင်းပြသည်။

စီမံကိန်းတစ်ခုလုံးအတွက် ကျပ် နှစ်ဘီလီယံကျော် ကုန်ကျမည်ဖြစ်ပြီး ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီက အလုံးစုံတာဝန်ယူတည်ဆောက်ခဲ့သည်။ ယခုနှစ်ဖေဖော်ဝါရီက စတင်ဆောက်လုပ်ခဲ့သော မြေအောက်လမ်းကူး လူသွားဥမင်သည် သံကူကွန်ကရစ်အမျိုးအစားဖြစ်ပြီး ဥမင်အလျား ၄၂၇ ပေ၊ အမြင့် ၁၁ ပေ နှင့် အကျယ် ပေ ၄၀ ရှိသည်။

ဥမင်အတွင်း အတက်အဆင်းပြုလုပ်ရန် ရွေ့လျားစက်လှေကားသုံးစင်းနှင့် မသန်စွမ်းသူများအသုံးပြုရန် လူရှစ်ယောက်စီး ဓာတ်လှေကားနှစ်စင်းထည့်သွင်းထားပြီး ဥမင်အတွင်း ၁၀ ပေ ပတ်လည် ဆိုင်ခန်း ၁၀ ခန်းကျော် ထည့်သွင်းတည်ဆောက်ထားသည်။ ဥမင်အတွင်းလျှပ်စစ်မီးပြတ်တောက်မှုမရှိစေရန် အလိုအလျောက်လျှပ်စစ်မီးပေးနိုင်သည့် အရန်မီးစက်များပါ ထည့်သွင်းထားပြီး လေထုညစ်ညမ်းမှုဖယ်ရှားခြင်းနှင့် မြေငလျင်ဒဏ်ခံနိုင်ရည်ရှိသော အစီအမံများပါဝင် ည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးဝင်းမြင့်သန်းက ပြောသည်။
Source: 7 Day News