ကားတစ်စီး လက်ဝယ်ထားလျှင် ပြင်ဆင်ထိန်းသိမ်းစရိတ်သည် အသုံးပြုရမြဲဖြစ်သည်။ ကားတစ်စီးအား ပုံမှန်စစ်ဆေးထိန်သိမ်းခြင်း မလုပ်ပေးပါက ပို၍ပျက်စီးစေသည်။ ဘေးကင်းလုံခြုံမှု တဖြည်းဖြည်း ကျဆင်းလာ၍ အန္တရာယ်လည်း ဖြစ်နိုင်သည်။
ကားတစ်စီးတွင် အစိတ်အပိုင်းပေါင်းများစွာဖြင့် ဖွဲ့စည်းတည်ဆောက်ထားပြီး၊ စနစ် (System)များ ပေါင်းစပ်၍ လည်ပတ် အလုပ်လုပ်သည်။ အချိန်တန်လျှင် ပွန်းစား ပျက်စီးတတ်သည်။ ပုံမှန်ပြုပြင် ထိန်းသိမ်းခြင်းများအပြင် ပျက်စီးချွတ်ယွင်းသွားသော အစိတ်အပိုင်းများကို အစားထိုးလဲလှယ်၍ ပြုပြင်ပေးရသည်။ ကားအစိတ်အပိုင်း (Auto Parts) ပစ္စည်းများသည် သုံးစွဲနိုင်သော သက်တမ်းရှိသည်။ သက်တမ်းကုန်လျှင် ချွတ်ယွင်း ပျက်စီးလာတတ်သည်။
အစားထိုးလဲလှယ်ပေးရသောကားအစိတ်အပိုင်းများမှာ
(၁) လေစစ်၊ဆီစစ်များ
(၂) ဘက်ထရီ
(၃) ဘရိတ်ရှူး (Brake Pad)
(၄) တာယာ (Tires)
(၅) ကလပ် (Clutch)
(၆) တိုင်းမင်ဘတ်လ်ကြိုး (Timing Belt)
(၇) ဆီပန့် (Fuel Pump)
(၈) ဂတ်စ်ကတ် (Gasket)
(၉) ရေလည်အုံ (Water Pump)
(၁၀) Spark Plugs အစရှိသည့်
ပစ္စည်းအစိတ်အပိုင်း (Auto Parts) များသည် ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်းဆရာတို့၏ ဂရုစိုက် ထိန်းသိမ်းခြင်း အပေါ်၌ မူတည်ပါသည်။ အချို့သောပစ္စည်းများ ကြာကြာအသုံးမခံခြင်းမှာ အရည်အသွေး ပြဿနာများကြောင့်လည်း ဖြစ်နိုင်သည်။
ပြုပြင်ထိန်းသိမ်းခြင်းသည် သင့်ကားကို သက်တမ်းကြာရှည်စေရုံသာမက အမြဲတမ်း အဆင်သင့် ကောင်းမွန်နေသော အခြေအနေကို ထိန်းသိမ်းထားခြင်းလည်း ဖြစ်သည်။ ဘေးကင်း လုံခြုံ စိတ်ချရသော ကားတစ်စီး ဖြစ်နေစေရန်အတွက်လည်း ဆောင်ရွက်ခြင်းဖြစ်သည်။