ဘယ်လို စက်ယန္တရားမျိုးမှာမဆို အင်ဂျင်တစ်လုံး ကောင်းမွန်စွာ အလုပ်လုပ်ဆောင်နိုင်ဖို့အတွက်ဆိုရင် Air Cleaner လေစစ်တွေရဲ့ အခန်းကဏ္ဍက အဓိက ကျပါတယ်။ ကောင်းမွန်တဲ့ လေစစ်တစ်ခုက အင်ဂျင်အထဲကို မလိုအပ်တဲ့ ဖုန်မှုန့်တွေ၊ အမှိုက်တွေ မဝင်ရောက်နိုင်အောင် တားဆီးပေးနိုင်ပါတယ်။ ဒီတော့ ကိုယ့်ရဲ့ စက်ယန္တရားကြီးတွေထဲမှာ ရှိတဲ့ လေစစ်ကို ဘယ်လိုစစ်ဆေးသင့်တယ်ဆိုတဲ့ အချက်ကလေးတွေကို ပြောပြပေးချင်ပါတယ်။ လုပ်ဆောင်သင့်တဲ့ အချက်တွေက စက်တစ်ခုနဲ့ တစ်ခု အသုံးပြုချိန်နဲ့ အသုံးပြုတဲ့ နေရာတွေပေါ်မှာ မူတည်ပြီး နေရာ အနေအထားအလိုက် ကွဲပြားချက်တွေ ရှိနိုင်ပါတယ်။
– ကိုယ်လုပ်ငန်းလုပ်ကိုင်ရတဲ့ လုပ်ငန်းခွင် ပတ်ဝန်းကျင် အနေအထားနဲ့ ရာသီဥတုအခြေအနေအပေါ် မူတည်ပြီးတော့ လေစစ်တွေရဲ့ သန့်ရှင်းရေးကို သတိထား လုပ်ဆောင်သင့်ပါတယ်။
– စက်ယန္တရားကြီးကို နာရီချိန်ပေါင်း (၂၅၀) ပြည့်တဲ့အခါတိုင်း၊ ဒါမှမဟုတ် လေသန့်စက်ရဲ့ အချက်ပြမီး လင်းလာတဲ့အခါတိုင်း လေစစ်ကို စစ်ဆေးမှုတွေ ပြုလုပ်ပေးသင့်ပါတယ်။
– လေစစ်မှာ ကပ်နေတဲ့ ဖုန်မှုန့်တွေကို နည်းလမ်းမျိုးစုံနဲ့ ရှင်းလင်းသွားတဲ့အထိ ရှင်းထုတ်သင့်ပါတယ်။
– Air Filter အစိတ်အပိုင်းတွေထဲကို ချောဆီထည့်ပေးခြင်းကလည်း လေစစ်ရဲ့ လုပ်ဆောင်နိုင်မှု စွမ်းရည်ကို မြင့်တတ်စေပါတယ်။
– မသန့်ရှင်းတဲ့နေရာတွေ၊ ဖုန်အမှိုက်တွေများတဲ့ နေရာတွေမှာ လေစစ်တွေကို ဖြုတ်ပြီး သန့်ရှင်းရေးလုပ်တာမျိုး မပြုလုပ်သင့်ပါဘူး။
– ကိုယ်မောင်းနှင်နေတဲ့ စက် အင်ဂျင်ရဲ့ အဓိကစွမ်းဆောင်ရည်က Air Cleaner လေစစ်တွေရဲ့ သန့်ရှင်းမှုပေါ်မှာ တိုက်ရိုက်မူတည်နေတယ်ဆိုတာ အမြဲတမ်း စိတ်ထဲ ထည့်ထားသင့်ပါတယ်။